မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး(၂၆) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများ၊ အနုပညာရှင် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ၂ဝ၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ တေးသံရှင်ဝိုင်းချစ်မှ ဖိတ်ခေါ်ပါရစေ မကွေးမြို့တေးသီချင်းသီဆိုကာ အခြေခံပညာကျောင်းသူလေးများက ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားမှု ပိုမိုတိုးတက်ဖြစ်ထွန်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက်သယ်ပိုးထိန်းသိမ်းစောင့်ရှောက်မည့် မျိုးဆက်သစ်များ ပေါ်ထွန်းရေး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် အနုသုခုမဂီတပညာဖြင့် တစ်တပ်တစ်အား ပါဝင်လက်တွဲ ဆောင်ရွက်ရေးစတဲ့ ဦးတည်ချက်များနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပါကြောင်း၊ သီဆိုတီးမှုတ် ကခုန်ခြင်းအနုပညာကို မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း(၂၀၀၀)ကျော် ပျူမြို့ပြနိုင်ငံများ ထွန်းကားခဲ့စဉ်ကတည်းက အဆို၊ အက၊ အရေး၊ အတီးသဘင်များရှိခဲ့ကြောင်း၊ သရေခေတ္တရာ မြို့ဟောင်းမှတူးဖော်ရရှိတဲ့ ပျူကြေးရုပ်(၅)ရုပ်က ခိုင်မာသောအထောက်အထားများဖြစ်ပြီး၊ ထိုကြေးရုပ်(၅)ရုပ်မှာ ပုလွေမှုတ်သူ၊ ဗုံတီးသူ၊ ကခုန်နေသူ၊ လင်းကွင်းတီးသူနှင့် လူရွှင်တော်ရုပ် ကလေးများဖြစ်ပါကြောင်း၊ တရုတ်ရှေးဟောင်းမှတ်တမ်းများတွင်အေဒီ(၈၀၂)ခုနှစ်က ပျူသံအဖွဲ့ တစ်ဖွဲ့ရောက်ရှိလာရာ ထိုသံအဖွဲ့နှင့်အတူ ပျူကချေသည်၊ တီးမှုတ်ဖျော်ဖြေသူများနှင့် ပျူတူရိယာ(၂၂)မျိုးပါရှိကြောင်း၊ သီဆိုသော တေးသီချင်း၊ အကဟန်နှင့် ပျူဝတ်စုံတို့ကိုပါ အသေးစိတ်မှတ်တမ်းတင်ခဲ့တဲ့ ပျူကချေသည် ကြေးရုပ်(၅)ရုပ်တွေ့ရှိခြင်းက သက်သေခံလျက်ရှိပါကြောင်း၊ နိုင်ငံတိုင်းလူမျိုးတိုင်းမှာ မိမိတို့၏ ကိုယ်ပိုင်ဟန်ဖြင့် အဆို၊ အက၊ ဂီတပညာများ ပိုင်ဆိုင်ထားကြပြီး ယင်းပညာရပ်များကို ပညာရှင်များ၊ ဝါသနာရှင်များက ထိန်းသိမ်းကြသလို အများပြည်သူတို့ကလည်း လူမျိုး၏ ဝိသေသလက္ခဏာများအဖြစ် အလေးအနက်တန်ဖိုးထားကြကြောင်း၊ ယနေ့ကမ္ဘာကြီးသည် နည်းပညာဆန်းများကြောင့် အချိန်နှင့်အမျှ ပြောင်းလဲနေကာ၊ မြန်မာ့အနာဂတ် လူငယ်ကျောင်းသား/ ကျောင်းသူများလည်း ပြောင်းလဲမှုများနှင့်အတူ လိုက်ပါနိုင်စွမ်းရှိအောင် ကြိုးစားနေကြရန်လိုပါကြောင်း၊ ကြိုးစားတဲ့အခါမှာ သတင်း၊ မီဒီယာခေတ်နှင့်အညီ မျက်ခြည်မပျက်ရန် လိုအပ်သလို ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းနောက်တွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်အစဉ်အလာကောင်းများ တိမ်မြှုပ်မသွားအောင်လည်း ထိန်းသိမ်းရမှာဖြစ်ပါကြောင်း၊ လူငယ်များ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်ခြင်းသာမက ယဉ်ကျေးသိမ့်မွေ့ခြင်းနှင့်ပါ ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ကျင်းပပြုလုပ်ခြင်းသည်လည်း မြန်မာ့အနုပညာ ဖွံ့ဖြိုးတိုးတက်စေရုံသာမက ထူးခြားပြီး အနက်အဓိပ္ပာယ်ပြည့်ဝသည့် မြန်မာ့အနုပညာကို ကမ္ဘာကပင်တွေ့မြင်နိုင်မှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအနေနှင့်လည်း မိမိတို့ တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ ကြိုးစားပါဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထို့အတူ မကွေးတိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲမှာ အောင်မြင်စွာပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းအဆင့်လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ယူဆောင်ရွက်ကြရသူများ အနေဖြင့်ရရှိထားကြသည့် အတွေ့အကြုံ၊ အရည်အချင်းများကိုအခြေခံ၍ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးချွန်ထက်မြက်သူများကို ထိုက်တန်သည့်ဆုရရှိနိုင်ရန် ဝိုင်းဝန်းပံ့ပိုး ကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးမြို့ ကျောင်းသား၊ ကျောင်းသူတယောအဖွဲ့မှ တိမ်တမန်၊ အလှကမ္ဘာမြေ  တေးသီချင်းများ တီးခတ်ဖျော်ဖြေကာ၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူနှစ်ဦးက နှစ်ပါးအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီး (၂၅)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စတင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးတိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို (၈.၉.၂၀၂၅)ရက်နေ့မှ (၁၁.၉.၂၀၂၅)ရက်နေ့အထိ  ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် (၂၄၀)ဦးတို့က မဟာဂီတ အခြေခံပညာ/အဆင့်မြင့်ပညာ အမျိုးသား၊ အမျိုးသမီးအဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း-ကာလပေါ် အခြေခံပညာ/အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်/ ဇာတိဂုဏ်အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲများ၊ အသက်(၁၀)နှစ်မှ (၁၅)နှစ်အထိ အခြေခံပညာအကပြိုင်ပွဲ၊ အဆင့်မြင့်ပညာအကပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲတွင် အဆင့်မြင့် ပညာ/အခြေခံပညာ ပြိုင်ပွဲများ၊ အတီးပြိုင်ပွဲတွင် အခြေခံပညာတယောအတီးပြိုင်ပွဲ၊ မယ်ဒလင်ပြိုင်ပွဲ၊ နှဲပြိုင်ပွဲ၊ အခြေခံပညာ ပတ္တလား အတီးပြိုင်ပွဲ၊ အခြေခံပညာ စန္ဒယားအတီးပြိုင်ပွဲ၊ အခြေခံပညာဆိုင်းတစ်ဦးချင်းပြိုင်ပွဲတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ