ပုသိမ် စက်တင်ဘာ ၉
၂၀၂၅ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင် ခန်းမတွင် ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” "Promoting literacy in the digital era"ဟူသော ဆောင်ပုဒ်အတိုင်း စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်း၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အရေးကြီးသကဲ့သို့ လူ့အဖွဲ့အစည်းတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက်လည်း အရေးပါလှသည်ဖြစ်ရာ နိုင်ငံသားတိုင်း စာတတ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်စေရန်လိုအပ်သော အသိပညာ၊ အတတ်ပညာနှင့် အရည်အချင်းများကို မြှင့်တင်ရန်အတွက် စာတတ်မြောက်မှုစွမ်းရည်သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ ယူနက်စကိုအဖွဲ့က မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးလုပ်ငန်း တိုးတက်အောင်မြင်ခဲ့သည့်အတွက် အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၇၁ခုနှစ်တွင် "မိုဟာမက်ရီဇာပါလဗီဆု" နှင့် ၁၉၈၃ခုနှစ်တွင် "နိုမာဆု" များ ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း၊ စာမတတ်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း (၂၆) မြို့နယ်လုံးတွင် စာသင်ဝိုင်း (၁၇၇၁) ဝိုင်းဖွင့်လှစ်၍ နည်းပြ (၁၇၇၁) ဦးနှင့် ကြီးကြပ် (၂၁၇) ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ရာစာသင်သား ပြည်သူပေါင်း (၂၅၀၁၆) ဦးတို့အား အခြေခံစာတတ်မြောက်စေခဲ့ပါကြောင်း၊ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာခေတ်ဖြစ်လေရာ လူသားတိုင်း အင်တာနက်အသုံးပြုနိုင်သောခေတ် ဖြစ်သဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ သင်ကြားသင်ယူမှု အခွင့်အလမ်းများ တိုးတက်စေရေးအတွက် ICT နည်းပညာများ၊ မီဒီယာနည်းပညာများ အခြေခံပြီး တီထွင်ကြံဆ၍ နည်းလမ်းသစ်များ ရှာဖွေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် အဆင့်အတန်းမြင့်မားမှုသည် နိုင်ငံသားတိုင်း စာတတ်မြောက်မှုအပေါ် မူတည်ပါကြောင်း၊ “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ” ဦးတည်ချက်(၄) ချက်မှ တတိယမြောက်အချက်ဖြစ်သော “ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး အတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး ” နှင့် “ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ ” ဟူ၍ စာမတတ်သူမရှိစေရအောင် မိဘပြည်သူများ ဝိုင်းဝန်းလှုံဆော်ပေးကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုကိုကြည့်ရှုအားပေးခဲ့ပြီးနောက် ၂၀၂၅ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီး တရားသူကြီးချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပုသိမ်မြို့၊အ.ထ.က(၆)မှကျောင်းသား၊ကျောင်းသူလေးများက “ ဒို့အင် ဒို့အား " တေးသရုပ်ဖော်သီချင်းဖြင့် ဂုဏ်ပြုသီဆိုနှုတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့သော ကျောင်းသား၊ကျောင်းသူများကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ခုနှစ်၊ နိုင်ငံတကာစာတတ်တတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရှိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပလျက်ရှိသည့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ (၁၅-၂၀) (အမျိုးသား)(အမျိုးသမီး) ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသား) ခေတ်ဟောင်း/ကာလပေါ်၊ အခြေခံပညာ(၁၀-၁၅) (အမျိုးသား)(အမျိုးသမီး)မဟာဂီတ သီချင်းများဖြင့် ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)