ကျွန်းစုမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂ဝ၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက မိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဦးစွာ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အ.ထ.က ကတန်အသင်းနှင့် အ.ထ.က ကတ္တလူ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ပြီး ကတန်အသင်းက ပါနယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ တံခွန်စိုက်ဆု ရရှိသည်။

ဗိုလ်လုပွဲအပြီးတွင် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားဂိုးကြီး ဘောလုံးပြိုင်ပွဲ၊  အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတို့၌ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသော ပြိုင်ပွဲဝင် အားကစားသမားများကို လည်ဆွဲဆု၊ ငွေသားဆုများ၊ တံခွန်စိုက်ဆုဖလားများကို မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)