နတ်မောက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ အင်းကုန်းကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အင်းကုန်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြီး မိသားစု တစ်နိုင်တစ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်း သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ် (၅၀ ဒဿမ ၀၀) သန်းကို မြစိမ်းရောင်ကျေးရွာလုပ်ငန်း အဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက အင်းကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နေသူ အသင်းသား၊ အသင်းသူ (၂၀၀) ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် မတည်ရန်ပုံငွေကျပ် (၅၀ ဒဿမ ၀၀) သန်းကို သက်သာသောအတိုးနှုန်းဖြင့် တစ်ဦးချင်း လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မူမူစန်း