မြို့သစ် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးရုံးက မိုးရာသီကာတွင် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲခွင့်ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သော လိုင်းတာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က မြို့သစ်မြို့နယ်၊ ကံကြီးဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ မြို့သစ်ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားရယူအသုံးပြုသော ၃၃ ကေဗွီဓာတ်အား လိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ယိုင်နဲ့နေသော ဓာတ်အားလိုင်းတိုင်များကို ကြံ့ခိုင်မှုရှိစေရန် ပြန်လည်တည့်မတ်ခြင်း၊ ကြွေသီးဟောင်းများလဲလှယ်ခြင်းနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဗို့အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိရေးအတွက် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးစနစ်တကျ သုံးစွဲနည်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)