နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒေါ်ရင်မိုး(ဦးစီးအရာရှိ)က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ယနေ့ခေတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကလေးသူငယ်များ အလုပ်ခိုင်းစေခြင်းခံရသည့် ဥပမာများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက်အရွယ်မပြည့်သေးသည့် ကာလတွင် အလုပ်ခိုင်းစေခြင်း မခံရအောင် လိုက်နာရမည့်အချက်များ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်ရှိ ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးမှုနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

လှဝင်း