ငဖဲ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Club အဖွဲ့ဝင်များပူးပေါင်း၍ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကိုဇော်ဌေး(ယဉ်ကျေးမှု) ရေးသားသော ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်စာအုပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က သုတရသစာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့်အလေ့အကျင့် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာရေးဆရာ ကိုဇော်ဌေး(ယဉ်ကျေးမှု) ရေးသားသည့် ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်စာအုပ်ပါ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ရာသီဥတုဖောက်ပြန်မှုများနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မအိချိုမာက မုန်တိုင်းအန္တရာယ်၊ ငလျင်အန္တရာယ်၊ ရေဘေးအန္တရာယ် စသည့်ဘေးအန္တရာယ်အမျိုးမျိုးတို့မှ လွတ်ကင်းသက်သာနိုင်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက ငလျင်ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ပြန်/ဆက်)