ပွင့်ဖြူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးအား သန့်ရှင်းသပ်ရပ်သာယာလှပစေရန်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် သတ်မှတ်ဈေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်ပြီး ဈေးအတွင်းအပြင်ရှိ ဈေးရောင်းဈေးဝယ်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် မိမိတို့ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် အရေးပေါ်မီးသတ်ယာဉ်များ ဝင်ထွက်သွားလာနိုင်အောင် ပြင်ဆင်ဆောင်ရွက်ရေး၊ သတ်မှတ်ထားသော ဈေးဆိုင်ဧရိယာအတွင်းသာ ဈေးရောင်းချရန်၊ နေရာကျူးကျော် ရောင်းချမှုများ မပြုလုပ်ကြရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့မဈေးကြီးအတွင်းနှင့် ဈေးအပြင်ဘက်ခြမ်း ချယ်ရီလမ်းနှင့် သန့်စင်လမ်းဘေးရှိ ဈေးဆိုင်ခန်းများအား သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ အရေးပေါ်မီးသတ်ယာဉ်များ ဝင်ထွက်လာရန် အဆင်ပြေမှု ရှိ/မရှိနှင့် ဈေးဆိုင်ခန်းများ နေရာကျူးကျော် ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နေရာကျူးကျော်၍ ခင်းကျင်းရောင်းချလျက်ရှိသော ယာယီအမိုးအကာများ ဈေးခုံများနှင့် ပစ္စည်းများကို ဖယ်ရှားရှင်းလင်းမှုများ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )