ကဝ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့်ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ အ.ထ.က(ကဝ)ကျောင်းအားကစားကွင်းနှင့် ရွှေညောင်ပင်ဘော်လီဘောအားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လူရွေးပွဲတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းပေါင်းစုံမှ အသက်(၁၈)နှစ်အောက်ကျောင်းသား/ကျောင်းသူများကဘောလုံး(ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ ပိုက်ကျော်ခြင်း (ကျား/မ)နှင့် စားပွဲတင်တင်းနစ်(ကျား/မ)အားကစားနည်းများကိုယှဉ်ပြိုင်လျက်ရှိရာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ပညာရေးမှူးဦးလင်းအောင်နှင့် တာဝန်ရှိသူများ၊ အ.ထ.က ကျောင်းအုပ်ကြီးများက ပြိုင်ပွဲကို စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ မြို့နယ်အဆင့်ကျောင်းပေါင်းစုံပြိုင်ပွဲများတွင် သက်ဆိုင်ရာအားကစားနည်းအလိုက်ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့်တွင်ထပ်မံရွေးချယ်ခံပြီး တိုင်းနှင့်ပြည်နယ်အဆင့် ကျောင်းသားအားကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)