မင်းဘူး စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများ ယခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင် လုပ်ငန်းစီမံကိန်းဧရိယာ၌ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်း ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေရရှိရေးအတွက် ခရိုင်နှင့်မြို့နယ် တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဒေသခံ တောင်သူများအတွက် စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)က စီမံကိန်းဧရိယာအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျော့ချနိုင်ရန်၊ မီတာယူနစ် ကုန်ကျစရိတ် သက်သာစေရန်နှင့် စိုက်ပျိုးရေများ စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်ဖြင့် ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ (၂၁၃) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်၍ ရာသီအလိုက် သီးနှံစိုက်ပျိုးချိန် ကာလအတွင်း စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ မြို့နယ်တာဝန်ခံအရာရှိက ပြောသည်။
မင်းဘူး(စကု)မြိုနယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ကမ်းနီဆိုလာ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းစီမံကိန်းဧရိယာ၌ အကျိုးပြုစိစစ်ဧရိယာ ဧကပေါင်း ၇၅၇ ရှိသည့်အနက် ယနေ့အထိ မိုးစပါးကို ရေသောက်စနစ်ဖြင့် ပေးဝေ၍မရသော ကုန်းမြင့်ယာမြေများတွင် မိုဘိုင်းဆိုလာဖြင့် စိုက်ပျိုးရေပေးဝေကာ မိုးစပါး ၁၅ ဧကနှင့် ရေသောက်စနစ်အတွင်း မိုးစပါး ၄၃၀ ဧက စုစုပေါင်း မိုးစပါး ဧကပေါင်း ၄၄၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ထို့အပြင် အခြားသီးနှံများဖြစ်သော နှမ်း ၁၉၀ ဧက၊ မြေပဲ ၅၇ ဧက၊ ပဲစဉ်းငုံ ၂၇ ဧကနှင့် ပဲတီစိမ်း ၅၃ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါသီးနှံစိုက် တောင်သူများအတွက် စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)