မင်းဘူး(စကု)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ သိရှိနားလည်စေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၁ နာရီက စကုမြို့ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ ရပ်ကွက်များသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ၏ ရည်ရွယ်ချက်နှင့် တားမြစ်ချက်များ၊ အဆိုပါဥပဒေတွင် ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လိုအပ်သည့်လုံခြုံ‌ရေး အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးအောင်ဟိန်းထက်က မဲရုံပရဝုဏ်အတွင်းသို့ လာရောက် နှောက်ယှက် ဟန့်တားမှုများပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးထက်ဝေယံထွန်းက မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းလုပ်ငန်းများကို ပြည်သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ရပ်ကွက် (၃) ရပ်ကွက်မှ အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)