၂၀၂၅ ခုနှစ်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည် စက်တင်ဘာ ၉

၂၀၂၅ ခုနှစ်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ကျင်းပရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ခရိုင်(၄)မြို့နယ်မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကြည့်ရှုအားပေးသူပရိတ်သတ်များတက်ရောက်ကြသည်။

ဦးစွာ အားကစားအသင်းများက ဘင်ခရာအဖွဲ့ဖြင့်အလေးပြုကြပြီး ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က ပြိုင်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍အမှာစကားပြောကြားကာ အားကစားစစ်ကြောင်းမှူးကဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုကြသည်။ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အားကစားသမားများကို လိုက်လံနုတ်ဆက်အားပေးစကားပြောကြားပြီး ရွှေတောင်မြို့နယ်အသင်းနှင့် ပြည်နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)အသင်းတို့ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်မှ ၁၂ ရက်နေ့အထိ အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲရက် နေ့စဉ် နံနက် ၇ နာရီခွဲနှင့် ညနေ ၃ နာရီခွဲအချိန်တို့တွင် တစ်ရက်လျှင် ပွဲစဉ်(၂)ခုဖြင့်ကျင်းပမည်ဖြစ်ကာ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ကိုယ်စားပြုအသင်းများနှင့်ပြည်တက္ကသိုလ်၊ ပြည်ပညာရေးဒီဂရီကောလိပ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)ကိုယ်စားပြုအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)