နန်းယွန်း စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တောင်သူကြီးများအချို့က မိသားစုဝင်ငွေရရှိရေးအတွက် ဒေသထွက်ကုန်ကြမ်းများဖြစ်သော ဝါး၊ ကြိမ်များခုတ်ယူပြီး ခွဲခြမ်းစိတ်ဖြာ၍ ကုန်ချောအဖြစ် ဖျာ၊ ပလိုင်း၊ ခြင်းတောင်းအမျိုးမျိုး ရက်လုပ်၍ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။
ထိုသို့ပြုလုပ်ရာတွင် ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဖျာအကြီးအသေး၊ ပလိုင်းအကျဲအစိတ်၊ တောင်း အကြီး အသေး၊ ဆန်ကော အကြီး၊ အလတ်၊ ချင်းတောင်းအမျိုးမျိုးစသည့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို တောင်သူကြီးများက နှစ်စဉ်ရက်လုပ်လျက်ရှိကြောင်း နှစ်စဉ် ရက်လုပ်သူ ဒေသခံတောင်သူကြီးတစ်ဦးက ယခုလိုပြောပြသည်။ "ဖျာတစ်ချပ်ရရှိဖို့အတွက် ဝါးတော၊ ကြိမ်တောရှိရာသို့ ညအိပ်၍သွားခုတ်ရပြီး ကုန်ကြမ်းအား ကုန်ချောအဖြစ် ခွဲခြမ်း စိတ်ဖြာရပါတယ်။ ကျွန်တော်တို့တောင်သူများ မရှိမဖြစ်လိုအပ်သည့် မိသားစုအသုံးအဆောင်ဖြစ်ပါတယ်။သြဂုတ် လဆန်းပိုင်းမှစ၍ မိုးစပါး(တောင်ယာ)များ၊ ကောက်ပဲသီးနှံမျိုးစုံမှည့်ချိန်တန်ပြီး ရိတ်သိမ်းချိန်ရောက်ရှိ၍ ဖျာ၊ ပလိုင်း၊ တောင်းအမျိုးမျိုးလိုအပ်လာပါတယ်။ ယခင်နှစ်က ဝါးဖျာအလျား(၈)ပေ၊ အနံ(၁၂) ပေရှိတစ်ချပ်လျင်ကျပ်ငွေ (၁၂၀၀၀၀)ကျပ်၊ ၎င်းနှင့်ဆိုဒ်တူ ကြိမ်ဖြင့်ရက်လုပ်သောဖျာ တစ်ချပ်လျင်ကျပ်ငွေ (၁၅၀၀၀၀) အထိ စျေးရရှိပါတယ်။ ယခုနှစ်တော့ ယခင်နှစ်ထက် တိုးမြှင့်ရောင်းချမည်ဟု" ၎င်းတောင်သူကြီးများထံမှ သိရှိရသည်။
အဆိုပါ ကျွမ်းကျင်တောင်သူကြီးများက ရာသီအလိုက် ရိုးရာအသုံးအဆောင်ပစ္စည်းများကို နှစ်စဉ်ရက်လုပ်ပြီးအမျိုး အစား/အရွယ်အစားပေါ်မူတည်၍ ရောင်းဝယ်ခြင်း၊ ဒေသခံပြည်သူများအလွယ်တကူဝယ်ယူသုံးဆောင်ခြင်းတို့အတွက် မြို့နယ်အတွင်းအကျိုးပြုခြင်းနှင့် ကျွမ်းကျင်ရက်လုပ်သူများလည်း မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ဟန်ကမ်း (ပြန်/ဆက်)