ပဲခူး စက်တင်ဘာ ၉
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စာတတ်မြောက်ခြင်းသည် လူသားများအတွက်အရည်အသွေးတစ်ရပ်ဖြစ်ပြီး လူမှုဘဝတိုးတက်မြင့်မာရေးအတွက် အရင်းအမြစ်တစ်ခုလည်းဖြစ်ကာ လူအဖွဲ့အစည်းအတွင်း အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းမှုရှိခြင်းတို့အတွက် အလွန်အရေးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရှိသူများအတွက် ကျောင်းပြင်ပပညာရေးကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ယခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၁)မြို့နယ်တွင် ကျောင်းပြင်ပပညာရေးသင်အခြေစိုက်စခန်း(၂၄)ခုကို ဖွင့်လှစ်ပေးထားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အသိပညာကြွယ်ဝသောပညာတတ်ပေါ်များခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးနှင့်နိုင်ငံရေးစနစ်တည်ငြိမ်ရေးအတွက် အမှန်တကယ်လိုအပ်ပြီး အသိပညာ၊ အတတ်ပညာများကိုအခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးသာယာရေးအတွက် ကျရာကဏ္ဍမှာတာဝန်ကျေပွန်စွာထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့အတွက် ယနေ့ခေတ်နည်းပညာများကိုလေ့လာသင်ယူပြီး အသုံးချနိုင်ရေးအတွက် စာပေသည်မရှိမဖြစ်သောကြားခံဖြစ်၍ လူတိုင်းစာတတ်မြောက်ရေး လုပ်ငန်းစဉ်ကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်(Video Clip)အား ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အနာဂတ်ကို ပိုင်စိုးသူ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)