ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး

ဒေးဒရဲ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၁)နာရီက ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ တိုးပွားရရှိစေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေးနှင့် နှုတ်မှုစွမ်းရည်တိုးတက်စေရေးတို့အတွက် ဟောပြောပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့က ဒုတိယတပ်ကြပ်ကိုကိုဇော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့လိုက် ကဗျာရွှတ်ဆိုပြိုင်ပွဲများကိုကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်ကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)