ကော့သောင်းမြို့၊ အမှတ် (‌၁) အခြေခံပညာအထက်တန်း‌ကျောင်းတွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

ကော့သောင်း စက်တင်ဘာ ၈

စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်ဝင်းမာနှင့် ခရိုင်နှင့်မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူလေးများက “ဝ ထ က လ သ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကော့သောင်းခရိုင် ပညာရေးမှူး ဆရာမကြီးဒေါ်ဝင်းမာက မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ နှစ်စဉ်စက်တင်ဘာလ (၈) ရက်နေ့ရောက်တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အရ ကျောင်းပြင်ပပညာရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး KG + 9 ဖြစ်တဲ့ အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်ရေးလုပ်ငန်းနှင့်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတို့ကို နှစ်စဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် နည်းပညာထွန်းကားမှုများနှင့်အတူ ဒီဂျစ်တယ်နည်းစနစ်များ၊ ဉာဏ်ရည်တု Al နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ နည်းပညာခေတ်ကြီးကို အမီလိုက်နိုင်ဖို့ စာတတ်မြောက်မည်ဆိုပါက မိမိကောင်းကျိုးမှတဆင့် အများကောင်းကျိုး၊ နိုင်ငံကောင်းကျိုး လောကကောင်းကျိုးအထိ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းကြီးလည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်ကြောင်း၊ (၂၀၂၅) ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ဒီဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့ ဟူသည့်အတိုင်း နိုင်ငံသားတိုင်းအားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန်" အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြ‌သော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အနာဂတ်ကို ပိုင်စိုးသူ သီချင်းဖြင့် ကပြ‌ဖျော်ဖြေခဲ့သည်။

ယင်းနောက် ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ International Literacy Day 2025 ၏ ဆောင်ပုဒ်ဖြစ်သည့် “ဒီဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” Promoting Literacy in the Digital era ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)