နတ်မောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံဧက (၃၀၄၇၈)လျာထားပြီး ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈)များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
နတ်မောက်မြို့နယ်၌ ယခုနှစ်မိုးရာသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက ကျောက်တံခါးရေလှောင် တမံ၊ ပင်းကန်နှင့် နတ်မောက်ရေလှောင်တမံတို့က ရေများကို အမှီပြုပြီး စိုက်ပျိုးရေးသီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးဦးဝါနှင့် မိုးနှောင်းဝါဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ မိုးဦးဝါကို ဇွန်လမှ စတင်စိုက်ပျိုးကြပြီး မိုးနှောင်းဝါကို တောင်သူများနှမ်းရိတ်သိမ်းပြီးမှ စိုက်ပျိုးကြကြောင်း၊ စိုက်မျိုးရာတွင် တောင်သူအများစုသည် ချည်မျှင်ရှည်ဝါပန်းတိုင်အထွက်နှုန်းရရှိစေမည့် နိုင်ငံခြားဆပ်မျိုးများ၊ ပြည်တွင်းဝါခြံများမှထုတ်လုပ်သော ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၁၁ မျိုးများကို တောင်သူများစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများက ဝါသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပိုးမွှားရောဂါ မကျရောက်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ တောင်သူများကို အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံတောင်သူများအနေဖြင့် မိမိတို့ ရွေးချယ်စိုက်ပျိုးထားသော အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါများကို မိုးဦးကာလတွင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးသူများထံက သိရသည်။
မူမူစန်း