ပခုက္ကူ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က "သက်ကြီးရွယ်အိုများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပါဝင်ခွင့်ရရှိစေရေး၊ ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာစောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ရေးနှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်ရေးတို့အတွက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပခုက္ကူခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်သန္တာဦးက "အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ သက်ကြီးရွယ်အိုများ ပုံမှန်ဝင်ငွေရရှိစေရေး၊ လူမှုဘဝသာယာစိုပြေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် ခရိုင်အတွင်း သက်ကြီးရွယ်အိုများအတွက် ကဏ္ဍအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)