ညောင်တုန်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်တုန်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြား၍ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အ‌ကြောင်းအရာများနှင့် အမျိုးသမီးရေးရာအဖွဲ့‌က ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးအောင်မြတ်သူက ဆက်သွယ်ရေးလိမ်လည်မှု ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ညီညီက ဆက်သွယ်ရေးလိမ်လည်မှုအကြောင်းအရာများနှင့် ဥပဒေအရ အရေးယူဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip များ ပြသခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)