ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် မင်းလှမြို့နယ်အတွင်းရှိ မိုးသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများ ကွင်းဆင်းကြည့်ရှု

အထက်မင်းလှ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တို့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးသီးနှံစိုက်ပျိုးထားရှိမှုနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို ယမန်နေ့ နေ့လယ်က ကွင်းဆင်းကြည့်ရှုကြသည်။

ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် မင်းလှမြို့နယ် ရုံးရပ်ကွက်တောင်ပိုင်းရှိ စိုက်ပျိုးရေးဂိုဒေါင်တွင် ဓာတ်မြေဩဇာအိတ်များ သိမ်းဆည်းထားရှိမှုအားလည်းကောင်း၊ မင်းလှမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာ(ရ)ကျေးရွာနေ ဦးရဲထွန်းပိုင်ဆိုင်သည့် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈)စိုက်ခင်အားလည်းကောင်း၊ မင်းလှ-မင်းဘူးကားလမ်းဘေးရှိ မြို့နယ်သစ်တောဦးစီးဌာန၏ အရိပ်ရသစ်ပင်စိုက်ခင်အား ပေါင်းမြက်ရှင်းလင်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ ညောင်ပင်သာကျေးရွာနေ ဒေါ်အေးအေးသင်းပိုင်ဆိုင်သည့် မြေပဲ(တွန်တာနီ) စိုက်ခင်အားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)