မင်းဘူး စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မားရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ကမ်းနီဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းဧရိယာ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ကမ်းနီဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းဧရိယာ၌ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက တွေ့ဆုံပွဲလာရောက်သည့် ဒေသခံတောင်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို ကြည့်အားပေးပြီး ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ရှင်းလင်းဆောင်၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပရာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူပညာပေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာအုပ်စုပေါင်း (၁၅)ရွာမှ ဒေသခံ တောင်သူများ၏ ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဧရိယာအတွင်း စိုက်ပျိုးရေလုံလောက်စွာ ရရှိရေး၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ အသစ်တိုးချဲ့ ဆောက်လုပ်ပေးနိုင်ရေး၊ ကျေးရွာခြင်း ဆက်လမ်းများ၊ ရေကျော်တံတားငယ်များနှင့် ကျေးလက်ကုန်ထုန်လမ်းများ တိုးချဲ့ပြုပြင်ဆောင်ရွက် ပေးနိုင်ရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များရရှိရေး၊ လယ်ယာလုပ်ငန်းခွင်သုံး စက်သုံးဆီများ လုံလောက်စွာ ရောင်းချပေးရေးနှင့် ကျေးရွာများအတွက် မြစိမ်းရောင် အရင်းမပျောက် မတည်ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အဆိုပါကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများထံ ရုပ်သံလွှင့် စက်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)