မြန်အောင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

မြန်အောင် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်သီရိစန္ဒီက သင်တန်းတွင်သင်ကြားပေးမည့် သင်ခန်းစာများအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။

မြန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရန်နှင့် တစ်နိုင်တစ်ပိုင်ကိုယ်ထူကိုယ်ထလုပ်ငန်းများဆောင်ရွက်နိုင်အောင် ရည်ရွယ်ချက်များဖြင့် မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေသောကျေးရွာများမှ သင်တန်းသူ ၂၀ ဦးတို့အား စက်တင်ဘာလ ၁၂ ရက်နေ့အထိ သစ်သီးရေခဲချောင်း၊ ဖျော်ရည်နှင့်ဂျယ်လီ၊ ရေခဲမုန့်နှင့် အချိုပွဲမုန့်မျိုးစုံပြုလုပ်နည်းများကို စာတွေ့/ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန်းဇော်စိုး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အဖွဲ့ဝင်များက စာတွေ့/ လက်တွေ့သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)