နတ်မောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်ပေါ်စေရန် ပြိုင်ပွဲကျင်းပပေးရခြင်းကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဆက်လက်ကျင်းပရာ အထက်တန်းအဆင့် ကျောင်းသား/သူများမှ “လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ကြပါစို့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘိုနှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ကျောင်းသား/သူ စုစုပေါင်း (၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၄-ခုနှစ်၊ စက်တက်ဘာလ (၁၃)ရက်နေ့တွင် ကျင်းပမည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း