ပွင့်ဖြူမြို့နယ်၌ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းနည်း အခြေခံသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံး စက်ကိရိယာ‌မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းအောင်နှင့် ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားများ အသီသီးပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသတွင်း လယ်ယာသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တောင်သူအကျိုးပြု လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေးမှုအပေါ် သင်တန်းသားကိုယ်စားလှယ်တစ်ဦး‌က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းအတွက် အသုံးပြုရန် အထောက် အကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် လယ်ယာသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာများ ရေရှည်တည်တံ့ကောင်းမွန်စေရန်၊ စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းနည်းပညာနှင့် စက်ကိရိယာများ ချို့ယွင်းပါက ပြုပြင်ဆောင်ရွက်ရမည့် နည်းစနစ်များ၊ လယ်ယာသုံးစက်ကိရိယာဖြင့် သီးနှံများ စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များကို စက်တင်ဘာ ၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၁၂)ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ယင်း သင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ ၂၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထွေးက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )