နတ်မောက်မြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နတ်မောက် စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် () နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မိမိလုံခြုံရေးနှင့် ရုံးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန်နှင့် နယ်မြေလုံခြုံရေးကိစ္စများအတွက် သက်ဆိုင်ရာအဖွဲ့အသီးသီးမှ သတင်းမှန်ရရှိရေး ပူးပေါင်းဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများအနေဖြင့် ဂရုပြုဆောင်ရွက်ရန်၊ မြို့ပေါ်ရပ်ကွက်များရှိ လမ်းမီးတိုင်များ မီးလင်းရေး သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ အပတ်စဉ်သောကြာနေ့တိုင်း ဌာနဆိုင်ရာများ သတ်မှတ်နေရာများတွင် သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ရွေးကောက်ပွဲအပိုင်းလိုက် ဆောင်ရွက်မည့်အခြေအနေများ၊ MEVM မဲပေးစက်နှင့်ပတ်သက်၍ အသုံးပြုနည်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် နည်းပညာအထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိများကလည်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။

လှဝင်း