ပခုက္ကူမြို့နယ်တွင် ဝါသီးနှံအရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိ

ပခုက္ကူ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးသည့် ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါသီးနှံများကို အဓိကစိုက်ပျိုးကြပြီး ယခင်နှစ်တွင် ဝါသီးနှံစိုက်ဧက (၅၀၀၀) မှ (၆၀၀၀) အထိရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဝါသီးနှံစိုက်ဧက (၂၅၀၀) ဝန်းကျင်ခန့်သာရှိပြီး ဝါသီးနှံစတင် ပေါ်ခါစအချိန်တွင် အစေ့ပါတစ်ပိဿာကို ငွေကျပ် (၃၈၀၀) ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ပိသာချိန် ၃၀ မှ ၅၀ အထိ မြို့ပေါ်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လမှ ဩဂုတ်လ(ဒုတိယပတ်)အတွင်း တစ်နေ့လျှင် ပိဿာချိန် (၂၀၀) မှ (၃၀၀) အထိ ဝင်ရောက်ပြီး ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် ငွေကျပ် (၃၂၀၀)၊ ချည်မျှင်တိုဝါတစ်ပိဿာလျှင် ငွေကျပ် (၂၈၅၀)၊ ဝါကြိတ်ဖတ် တစ်ပိဿာလျှင် ငွေကျပ် (၁၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ငွေကျပ် (၂၃၀၀)၊ ဝါစေ့ဆီတစ်ပိဿာလျှင် ငွေကျပ် (၁၁၀၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်ထွန်းခဲ့ပြီး လက်ရှိတွင် ပိဿာချိန်ပေါင်း (၂၅၀) မှ (၃၀၀) ခန့် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း ဝါကုန်သည်များထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)