မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေး စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကမ်းနီကျေးရွာအုပ်စု ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းဝင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ကမ်းနီကျေးရွာအုပ်စု ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းဝင်းအတွင်း၌ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆေးကုသရေးအဖွဲ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူလျက်ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားသည်။

ဆက်လက်ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကိုကျင်းပရာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရန်နှင့် သီးနှံစိုက်စွမ်းအားတိုးတက်မားရေး ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကိုအခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ်သုံးသီးစိုက်ရရှိအောင် ဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲသီးနှံများထက် စီးပွားရေးအရ တွက်ခြေကိုက်သည့် သက်ယဉ် အထွက်ကောင်းသီးနှံများကို ရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စနစ်တကျအသုံးပြုပြီး စိုက်ပျိုးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန်သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ပြီး ထွက်ရှိသောသီးနှံများမှာ ပြန်လည်ရောင်းချချိန် ဈေးကောင်းရရှိနိုင်မည် ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်း နှင့် တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဒေသခံတောင်သူများတွက် စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ တောင်သူ စိုက်ပျိုးနည်းပညာပေးသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာများနှင့် တိုင်းဒေသကြီးဆင့်ဌာနအကြီးအကဲများက မိမိတို့ဌာနလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍  အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာအုပ်စုပေါင်း (၁၅)ရွာမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ အခြေခံပညာကျောင်းများအတွက် စာသင်ကျောင်းဆောင်နှင့် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ အသစ်တိုးချဲ့ ဆောက်လုပ်ပေးနိုင်ရေး၊ ကျေးရွာခြင်းဆက်လမ်းများနှင့် ကျေးလက်ကုန်ထုန်လမ်းများ တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရန် ခက်ခဲသောဒေသများ၌ မြေအောက်ရေတွင်းအား ဆိုလာစနစ်တပ်ဆင်အသုံးပြုဆောင်ရွက်ပေးနိုင်ရေးနှင့် လျှပ်စစ်မီးမရရှိသေးသောဒေသများ၌ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်ပေးနိုင်ရေး၊ စိုက်ပျိုးရေးစရိတ်ချေးငွေများ အဆင်ပြေချောမွေ့စွာထုတ်ချေးပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အဆိုပါကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများထံ ရုပ်သံလွှင့်စက်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်ညီညာ