ကြံခင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက် ၉ နာရီက ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိသည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမြင့်က စွမ်းရည်မြင့်သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ သင်တန်းအားပို့ချပေးခဲ့အရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အရာရှိ ဒေါ်ဝင်းဝင်းမြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်များ၊ ကော်မတီအဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းကြရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါသင်တန်းကို (၈.၉.၂၀၂၅)ရက်နေ့မှ (၁၀.၉.၂၀၂၅) ရက်နေ့အထိ သုံးရက်တိတိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ၁၂ ဦးအား စွမ်းရည်မြှင့်သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)