မြိတ် စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ပြီး ရှေးဦးစွာ အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ကျင်းပရာ အ-ထ-က(ကျွဲကူး)အသင်းနှင့် အ-ထ-က(၁)အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုတွင် ပြိုင်ပွဲဝင်အားကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားဝါသနာရှင်များ၊ ဆရာ၊ မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် အ-ထ-က(ကျွဲကူး)အသင်းက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲတို့၌ ပထမနှင့်ဒုတိယရရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို လည်ဆွဲဆု၊ ငွေသား ဆုများ၊ တံခွန်စိုက်ဆုဖလားများကို မြိတ်ခရိုင်ပညာရေးမှူး ဦးသန်းထိုက်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)