အမာ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ ဦးနိုင်လင်းကျော်နှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းစမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများအပါအဝင် စုစုပေါင်း (၅၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ဆိပ်မကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာအုပ်စုများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)