ပွင့်ဖြူမြို့၌ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် Box Culvert  ကွန်ကရစ်တံတား တည်ဆောက်နေမှုကို စက်တင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့၌ မြို့ပြဖွံ့ဖြိုးရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာနခွင့်ပြု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇ ဒဿမ ၁၀ သန်းဖြင့် အင်ကြင်းလမ်းနှင့် ပိတောက်လမ်းဆုံနေရာတွင် အရှည် ၂၂ ပေ၊ အကျယ် ၆ ပေ၊ အနက် ၄ ပေ ကိုးလက်မ Box Culvert  ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလတွင် အချိန်မီ တည်ဆောက်ပြီးစီးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Box Culvert ကွန်ကရစ်တံတားတည်ဆောက်ပြီးစီးပါက မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ လျော့နည်းစေခြင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေခြင်း၊ ပြည်သူများအတွက် အဆင်ပြေစွာသွားလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွှန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )