မြို့သစ်မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မြို့သစ် စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကိုစက်တင်ဘာလ(၆)ရက်နေ့နံနက်ပိုင်းက လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေး ဟောပြောဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာမူလတန်းအဆင့် (KG မှ GRADE -5) အထိ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိအမြင်စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်‌ ရေးဆိုင်ရာ ကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စုအကြောင်း ကျန်းမာရေးပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                     

ဝင်းအိဇွန်(ပြန်/ဆက်)