မင်းလှမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းလှ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်) ပင်မဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်မှုများကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး မင်းလှမြို့ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ရပ်ကွက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ထွန်းက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip  အား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။

‎‎‎အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)