မြဝတီ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အားကစားပြိုင်ကွင်း၌ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီတွင်၂၀၂၅ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘင်ခရာမောင်မယ်တပ်ဖွဲ့များမှ ကွင်းအတွင်း နေရာယူကာ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက မြဝတီမြို့တွင် ထူးချွန်သောအားကစားသမားများ ပေါ်ပေါက်လာစေရန် တာဝန်ရှိသူများမှ ကဏ္ဍအလိုက်ပံ့ပိုးမှုဖြင့် ယခုလို ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားစိတ်ဓာတ်ဖြင့်ယှဥ်ပြိုင်ရန်လိုကြောင်း၊ ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန် မျှော်လင့်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ကာ အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် အသင်း (၁၀) သင်းမှ အားကစား သမားများက အားကစားသစ္စာအဓိဋ္ဌာန်အား ရွတ်ဆိုခဲ့ကြကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
ဆက်လက်ပြီး အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများ၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၊ ရွှေကုက္ကိုအထက်တန်းကျောင်း၊ အောင်မြင်ရွှေဘုံအထက်တန်း (ခွဲ) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ Physical Fitness Dence၊ အေရိုးဗစ်၊ ဒုံးယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ တာဝန်ရှိသူများနှင့် ဧည်သည့်တော်များက ဂုဏ်ပြုဆုတော်ငွေများအား ပေးအပ်ခဲ့ကြသည်။
ထို့နောက် ၂၀၂၅-ခုနှစ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဆက်လက်ယှဥ်ပြိုင်ကစားခဲ့ကြကာ စက်တင်ဘာလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)