ဘိုကလေး စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့နှင့် တွေ့ဆုံပွဲကျင်းပသည်။
တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ ဘိုကလေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး တွေ့ဆုံပွဲ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က အသက်(၁၈)နှစ်ပြည့်မှီပြီးသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လူဦးရေစာရင်းနှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း လမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်တို့က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့်ပတ်သတ်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများ၊ မြေပြင်၌ လူဦးရေစာရင်းနှင့် ကိန်းဂဏန်းအချက်အလက် မှန်ကန်စွာ ကောက်ယူစိစစ်ရေးအတွက် ကြတ်မတ်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရပ်ကွက်များအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ စာရင်းပြုစုခြင်း၊ စာရင်းအတည်ပြုခြင်းလုပ်ငန်များအား ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)