မုံရွာ စက်တင်ဘာ ၈
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံ တည်ဆောက်မည့် မြေနေရာတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms Cao Ping (မစ္စချောင်းကျင့်)၊ မြန်မာတရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌ Mr.Liu Ming (မစ္စတာလျိုမင်း)နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တရုတ်သံရုံးယာယီတာဝန်ခံ၊ မြန်မာတရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများက ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ဆောက်လုပ်မည့်မြေနေရာရှိ သတ်မှတ်နေရာများတွင်နေရာယူကြပြီး မင်္ဂလာအချိန်ကျ ရောက်သည်နှင့်တစ်ပြိုင်နက် ပန္နတော်တင်ခြင်းနှင့် တွင်းတော်ဝန်းမင်္ဂလာကျင်းပခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရုတ်သံရုံး ယာယီတာဝန်ခံတို့မှ ရတနာပန္နတော်တင်ခြင်း ရိုးရာအစဉ်အလာအတိုင်း ဆောင်ရွက်ခဲ့ကြပြီး ရတနာရွှေမိုးငွေမိုးများရွာသွန်းခဲ့ကြသည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နေပြည်သူလူထု၏ လိုအပ်သည့်အခြေခံအဆောက်အဦ ဈေးများတည်ဆောက်ပေးခြင်း သည် ဒေသတွင်းစီးပွားရေး၊ လူမူရေးအခန်းကဏ္ဍများအား အထောက်အကူပြုလျက်ရှိပြီး ဒေသတွင်းကုန်စည်စီးဆင်းမှု မှန်ကန်လျင်မြန်မှသာ မိမိတို့ဒေသဖွံဖြိုးတိုးတက်လာမည်ဖြစ်ပြီး စစ်ကိုင်းမြို့နှင့်ဆက်စပ်လျက်ရှိသည့် ဒေသများ၏ လူနေမှုအဆင့်အတန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ကောင်း ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တရုတ်သံရုံး ယာယီတာဝန်ခံနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌတို့မှ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ဆောက်လုပ်လှူဒါန်းရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တရုတ်သံရုံး ယာယီတာဝန်ခံနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌတို့ထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရုတ်သံရုံး ယာယီတာဝန်ခံနှင့်တာဝန်ရှ သူများမှ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား - ၁၀၀ ပေ၊ အနံ - ၁၀၀ ပေ၊ Steel Structure ၁ ထပ် အမျိုးအစားဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာ့အနာ ဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ကျောင်းသား/ကျောင်းသူများက “လူငယ့်စွမ်းရည်” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ လူငယ်လှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်ထံ သုတ/ရသစာအုပ်စာစောင်များအားပေးအပ်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က လူငယ်ဖိုရမ်အထိမ်းအမှတ်တံဆိပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးကစစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များအတွက် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်ထံ အားကစားပစ္စည်းများအား ပေးအပ်သည်။
ထို့နောက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သည့် အုပ်ချုပ်သူတစ်ဦးက အတွေ့အကြုံများအား ပြန်လည်ရှင်းလင်း ပြောကြားပြီး ကျောင်းသား/ကျောင်းသူများက စစ်ကိုင်းတိုင်းဒေသကြီးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က သီဆိုကပြခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြိုု့၊ မြို့တော်ခန်းမတွင် ကျင်းပြုလုပ်သည့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီကောင်းမှုတော်စေတီတော်မြတ်ကြီး ထီးတော်ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံနေမှုများ နှင့်အဆိုပါစေတီတော်ကြီးရှိ မေတ္တာရေကန် ပြန်လည်ပြုပြင်နေမှုများနှင့် စေတီတော်ကြီး တောင်ဘက်မုဒ် အာရုံခံတန်ဆောင်းပြုပြင်နေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)