မင်းလှမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲအခမ်းအနား ကျင်းပ

မင်းလှ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း သာသနာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်စေရန်အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ်သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ်အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကံမမြို့နယ် ထန်းကောက်ကျောင်းတိုက်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်ဘဒ္ဒန္တဇဝနဆရာတော်ကဆောင်ရွကတော်မူပြီး အခမ်းအနားမှူးအဖြစ် အစားထိုးရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင်၊ အောင်လံမြို့ ဆားတည်းအုဋ္ဌ်ကျောင်း နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် ဘဒ္ဒန္တတိက္ခဉာဏကဆောင်ရွက်၍ ဆင်ပေါင်ဝဲမြို့နယ် သတိပဋ္ဌာန်ကျောင်းတိုက်၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်ဘဒ္ဒန္တသောမ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်တော်မူပြီး အခမ်းအနားကို ကြွရောက်တော်မူလာကြသော သံဃာတော်များက``နမောတဿ´´အစချီဂါထာသုံးကြိမ်ရွတ်ဆိုဘုရား ကန့်တော့ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် အခမ်းအနားမှူးဆရာတော်က အစားထိုးရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းမိန့်ကိုဖတ်ကြားပြီး၊ သဘာပတိဆရာတော်မှ သြဝါဒကထာမိန့်ကြားကာ အစားထိုးရွေးချယ်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာစာရင်းကိုဖတ်ကြား၍ အစည်းအဝေးအထမြောက်ကြောင်း ကြေညာသည်။

ယင်းနောက် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော်(၁)ပါး အဆိုပြုအမည်စာရင်းတင်သွင်းမည့်ပုဂ္ဂိုလ်ဖိတ်ခေါ်ရာ ရေနံမကျောင်းဆရာတော်ဦးကောသလ္လအားအဆိုတင်သွင်းရာ မလွန်​ရေခါးပရိယတ္တိစာသင်တိုက်ဆရာတော် ဦး​ကေလာသကထောက်ခံပြီး သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခံသည့် ပုဂ္ဂိုလ်အားဥက္ကဋ္ဌ၊ သဘာပတိဆရာတော်မှအတည်ပြုချက်ရယူလျက် သံဃာတော်များက``သာဓု´´ သုံးကြိမ်ခေါ်ဆိုပြီး အခမ်းအနား ကို ``ဗုဒ္ဒဿသနံ စိရံတိဋ္ဌတု´´ သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးစီးခဲ့ကြောင်းသိရသည်။

အဆိုပါ လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော်(၁)ပါး အစားထိုး ရွေးချယ်ပွဲအခမ်းအနားသို့ ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများနှင့် တက်ရောက်ခွင့်ရှိသော သံဃာအပါး(၃၈)ပါး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။ 

ဝင်းမြတ်(ပြန်/ဆက်)