ကြံခင်းမြို့၌ ရွှေညောင်ပင်ကျောင်းတိုက်တွင် ​မြို့နယ်သံဃနာယကအဖွဲ့ အတည်ပြုခန့်အပ်လွှာ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ကြံခင်း စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ​ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မာရုံတော်ကြီး၌ ယနေ့နံနက် ၇ နာရီက မြို့နယ်သံဃနာယကအဖွဲ့ အတည်ပြုခန့်အပ်လွှာဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃနာအဖွဲ့ဥက္ကဋ္ဌ  ​ရွှေညောင်ပင်တိုက်ဆရာတော် မဟာသဒ္ဒဓမ္မဇောတိကဓဇ ဘန္ဒန္တဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့်သရဇ္ဈာယ်ကြသည်။

ဆက်လက်၍ မြို့နယ်သံဃနာအဖွဲ့ဥက္ကဋ္ဌဆရာတော်က နဝမအကြိမ်မြောက် နိုငံတော်သံဃနာယကအဖွဲ့ထုတ်ပြန်ချက်အမှတ် (၂/၂၀၂၅)အရ ကြံခင်းမြို့နယ်သံဃနာယကအဖွဲ့ကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအခန်း (၁၈)၊ အပိုဒ်(၁၀၁)နှင့်အညီ အတည်ပြုထုတ်ပြန်လက်မှတ်များ ဆက်ကပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးသောင်းထွဋ်လွင်၊ ဦးကျော်ကျော်၊ မြို့နယ်လဝက ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချိုမာဝင်း၊ မြို့နယ်ဥပဒရုံးမှ ဥပဒေအရာရှိ ဦးရဲနိုင်တို့က  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်နှင့်အဖွဲ့ဝင် (၇)ပါးအား အသီးသီး အတည်ပြုခန့်အပ်လွှာများနှင့် အလှူငွေများအသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ ကြံခင်းမြို့နယ်သံဃနာယကအဖွဲ့အဖြစ် ရွှေညောင်ပင်ကျောင်းတိုက်၊ အုတ်ပုံကျောင်းတိုက်၊ ကြာနီကန်ကျောင်းတိုက်၊ မဲဇလီစမ်းကျောင်းတိုက်၊ သရက်တောကျောင်းတိုက်၊ စာချကျောင်းတိုက်နှင့် ရွှေတောင်ကျောင်းတိုက် တို့မှ ဦးစီးပဓာနဆရာတော်ကြီး (၇)ပါးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)