ကျောင်း‌‌ပေါင်းစုံ မိုးရာသီ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကသာ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကာသာမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ မိုးရာသီအမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မီတာ(၄၀၀)ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသားဘောလုံးဗိုလ်လုပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားဘောလုံးအသင်းနှင့် အ.ထ.က(ခွဲ)(၁)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြရာတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားဘောလုံးအသင်းက (၄)ဂိုး (၃) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အားကစားကဏ္ဍအသီးသီးတို့တွင် နေရာအလိုက် အားကစားသမားအကောင်းဆုံးဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုကြီးများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း  သိရသည်။

ကျော်စွာ(ကသာ)