မြို့သစ် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့ သစ်မြို့နယ်တွင်စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျှက်ရှိပြီးရောင်းချချိန် ငရုပ်သီးစိမ်းစျေးများပြန်လည်ကျဆင်းနေကြောင်းသိရသည်။
ငရုပ်သီးနှံသည်ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံးပြုရကြောင်း ငရုပ်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။
ငရုပ်မျိုး(၂)ထုပ်စိုက်ပျိုးပါက ငွေကျပ်ခြောက်သိန်းခွဲဝန်းကျင်ခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီးရက်ငါးဆယ်ဝန်းကျင်တွင် အသီးများစတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင်တစ်ခါခူးဆွတ်ပါက ပိဿာချိန် (၁ဝဝ)ပိဿာကျော်အထိခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ငရုပ်သီးတစ်ပိဿာငွေကျပ်(၄၀၀၀)ကျပ်ဝန်းကျင်ရောင်းချရကြောင်း၊ ယခင်ရက်များက(၈၀၀၀)ကျပ်စျေးအထိရောင်းချခဲ့ရကြောင်း၊ ယခုလက်ရှိစျေးနှုန်းမှာ ထက်ဝက်ခန့်စျေးနှုန်းကျဆင်းနေကြောင်းသိရသည်။
မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ငရုပ်ပင်စိုက်ပျိုးသူများအနေဖြင့် "ငရုပ်အပွမျိုး၊ အတောင့်ရှည်ငရုပ်မျိုးနှင့် ထိုင်ဝမ်ငရုပ်မျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ထိုင်ဝမ်ငရုပ်မျိုးများသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာအပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်းသိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)