မြန်အောင် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၄ ရက်နေ့ နံနက်က ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများသည် မြန်အောင်ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းနှင့် အဖွဲ့ဝင်များနှင့်အတူ မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန e-ID Server အတွင်းရှိ ၂၈-၁၂-၂၀၂၅ ရက်နေ့ရှိ ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကောမတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက်အတွင်း မြို့နယ် (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက နေအိမ်များအရောက် ပုံစံ(၆၆/၆)ရှိ အသက် (၁၈) နှစ်အထက် လူဦးရေစာရင်း၊ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်းနေထိုင်ခြင်းရှိ/မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်းစာရင်းများအတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင်နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)