ကန့်ဘလူ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ တောင်သူ ဦးသောင်းငွေ၏ အောင်နိုင်တိုးစပါး (၃)ဧကစိုက်ခင်းအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနိုးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်က တောင်သူများအနေဖြင့် ဓာတ်မြေဩဇာလေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ သဘာဝမြေဩဇာကို တောင်သူများအကျိုးရှိစွာအသုံးပြုလာနိုင်စေရန်၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာကို ရောစပ်အသုံးပြုခြင်းအကျိုးကျေးဇူးများကို သိရှိနိုင်စေရန်နှင့် တောင်သူများ တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်နှင့် ကြားလိုက်သမန်းနိုးပြုလုပ်ရခြင်းမှာ ပေါင်းမြက်များကင်းစင်ပြီး ပင်ပွားအားကောင်းလာနိုင်စေရန်၊ လေဝင်လေထွက်ကောင်းမွန်စေရန်၊ အမြစ်ဖွံ့ဖြိုးမှုပိုမိုအားကောင်းလာခြင်း၊ ပေါင်းသတ်ဆေးအသုံးပြုခြင်းနှင့် လက်ပေါင်းလိုက်သက်သာခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တောင်သူများ၏သိရှိလိုသည့်အချက်များကို ပြန်လည်ဖြေကြားပေးခြ့သည်။
ထို့နောက် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနိုးပြုလုပ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်အနေဖြင့် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၈၇၇၈၄ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် လျာထားချက်ပြည့်မီရေးအတွက် တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)