တောင်ငူ စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးအောင်မြင့်လွင်က အမှာစကားပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တောင်ငူခရိုင်ရွေးကောက်ပွဲကော်မရှင် အရာရှိက ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲရုံးများရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)