လွိုင်ကော် စက်တင်ဘာ ၆
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင် (တောင်ကွဲ)စေတီတော်နှင့် မိုဃ်းကောင်းဘုရားကြီး သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် အိမ်ရာများနှင့် တက္ကသိုလ်ဓမ္မာရုံပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ကျက်သရေဆောင် သီရိမင်္ဂလာတောင်တော်(တောင်ကွဲ)စေတီတော် တောင်တော်နှင့် ပရဝဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် မင်္ဂလာရပ်ကွက်ရှိ မိုဃ်းကောင်း ဘုရားကြီးပရဝဏ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများနှင့် ဥပုသ်သီလဆောက်တည်ကြသူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဘုရားကျောင်းကန်စေတီပုထိုးများသို့ အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးရန်၊ စေတီတော်နှင့် ပတ်သက်သည့် သမိုင်း အချက်အလက်များအား စုစည်းကြည့်ရှုနိုင်သည့် Pagoda Digital Directory များကို ဘုရားဖူးပြည်သူများ အလွယ်တကူလေ့လာကြည့်ရှုနိုင်သည့် နေရာများတွင်ထားရှိပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားသည့် မြေယာရှုခင်းပန်းအလှပင်များစိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အပင်များတစ်အုပ်တစ်မဖြင့် အမြဲစိမ်းစိုသာယာလှပအောင် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် မှာကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထိခိုက်ပျက်စီးခဲ့သည့် ပြည်နယ်အစိုးရအိမ်ရာ အမှတ်(၅)၊ အမှတ်(၆)နှင့် အမှတ်(၇) အဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးရာ ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လုပ်ငန်းပြီးစီးမှုများအား လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များက မပြတ်စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် လွိုင်ကော်တက္ကသိုလ်သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကျောင်းဖွင့်ကာလတွင် ဘာသာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်ရန် တက္ကသိုလ်ဓမ္မာရုံအား ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးအောင် စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)