မကွေး စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် (အဓိကသီးနှံ-၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၂/၂၀၂၅) ကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ တိုင်းဒေသကြီးဖြစ်တာနဲ့အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံစိုက်စွမ်းအားမြင့်မားရေးအတွက် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှုမြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးမြို့မှ ရေနံချောင်းမြို့အထိ မြစ်ရေတင်လုပ်ငန်းများ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းဘေးတစ်လျှောက်တွင် ဆိုလာစနစ်သုံးဆောင်ရွက်ပြီး ယာမှလယ်ပြောင်းစနစ်ဖြင့် စပါးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြေပုံပေါ်တွင်လေ့လာမှုအရ (Map Study) လုပ်ငန်းနေရာ (၅) ခု အကျိုးပြုဧရိယာ(၃၄၅၀)ဧက ရှိပါကြောင်း၊ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့တွင် ဧရာဝတီမြစ်မှ မြစ်ရေတင်စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် ဧရိယာ (၄၆၅၀) ဧကရှိပြီး၊ စပါးစိုက်ပျိုးနိုင်ရေးဆောင်ရွက်ခြင်းဖြင့် ဒေသဝမ်းစာဖူလုံ၍ တောင်သူများ၏ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေမှာ ဖြစ်ပါကြောင်း၊ မကွေး၊ ရေနံချောင်း၊ ချောက်လမ်းဘေးတစ်လျှောက်ရှိ ယာပျက်များအား လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်ကာ စပါးစိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးရေရရှိနိုင်မှု အနေဖြင့် ရေတင်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေနည်းလမ်းဖြင့် ဆောင်ရွက်ရရှိနိုင်သည့် အလားအလာမရှိပါသဖြင့် ဧရာဝတီမြစ်ဘေးတစ်လျှောက် ဆိုလာမြစ်ရေတင်များဆောင်ရွက်လို့ ရရှိနိုင်သည့် ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု အလိုက်၊ ကွင်းအလိုက် ယာပျက်မြေများ ဖော်ထုတ်ပြီး လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်ကာ စပါးစိုက်ပျိုးနိုင်ရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချောက်ခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ဧရာဝတီမြစ်မှ နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နိုင်မည့်အခြေအနေ မြေပုံပေါ်တွင် စူးစမ်းလေ့လာတွေ့ရှိမှု(Map Study)အရ ဧရာဝတီမြစ်၏ ရေလမ်းကြောင်း ကောင်းမွန်ပြီး ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ရရှိနိုင်ကြောင်း၊ ရေတင်အမြင့်ပေ (၂၃၅) ပေ၊ ရေတင်ရမည့် အကွာအဝေး (၁၇၀၀၀)ပေ၊ အကျိုးပြုနိုင်မည့် ဧရိယာ (၁၂၀၀) ဧကနှင့် အကျိုးပြုနိုင်မည့် ကျေးရွာ (၄) ရွာ ရှိပါကြောင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ရေရရှိရေး ဆောင်ရွက်၍ ယာမြေများအား လယ်မြေအဖြစ်ပြောင်းလဲပြီး စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် စိုက်ပျိုးမြေနှင့် စိုက်ပျိုးရေ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ သစ်စိမ်းမြေဩဇာနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း၊ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းခြင်း၊ အထွက်ကောင်း၊ မျိုးကောင်း၊ မျိုးသန့်များ သုံးစွဲရေး သီးနှံပုံစံအလိုက် စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်ရေး နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ လုပ်ငန်းကော်မတီ အဆင့်ဆင့်၏ ကြီးကြပ်မှုတို့ဖြင့် သက်ဆိုင်ရာဆက်စပ်ဌာနများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ ပူးပေါင်းပါဝင်ပြီး အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းက တိုင်းဒေသကြီး ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၅) ဆုံးဖြတ်ချက်များအား ဖတ်ကြား ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ရှင်လင်းတင်ပြတင်ပြခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အထွေထွေဆွေးနွေးတင်ပြဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ