ကြို့ပင်ကောက် စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက် ဇမ္ဗူအေးစေတီတော်ဘုရားပရိဝုဏ်အတွင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနာကြီးရောဂါတိုက်ဖျက်ရေးဌာနက အနာကြီးရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲနှင့် အခမဲ့ဆေးကုသပေးခြင်းကို စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းစိုးက အနာကြီးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာမေဇော်က အနာကြီးရောဂါစတင်ကူးစက်ဖြစ်ပေါ်လာပုံနှင့် ဖြစ်ပေါ်လာပါက ပျောက်ကင်းစေရန် ကျန်းမာရေးဌာနတွင် အခမဲ့လာရောက် ကုသနိုင်ကြောင်းနှင့် ကုသရမည့် နည်းစနစ်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ အနာကြီးရောဂါစောင့်ရှောက်ရေးမှူး ဦးစိုးနိုင်က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကြို့ပင်ကောက်မြို့တွင် အနာကြီးရောဂါ ဖြစ်ပွားလျက်ရှိသော လူနာများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲ တက်ရောက်လာကြသော ဒေသခံပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆီးချိုးနှင့် သွေးတိုးရောဂါများ စစ်ဆေးပေးပြီး အခမဲ့ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)