ဘားအံမြို့၌ ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ

ဘားအံ စက်တင်ဘာ ၆

ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၀)စက်မှုလယ်ယာစခန်း ဘားအံမြို့မှ ကောက်စိုက်စက် ဖြင့်တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ဘားကပ်စိုက်ပျိုးရေးနည်ပညာ ပြန့်ပွားရေးစင်တာအနီးရှိ ကွင်းအမှတ် ၁၀၀၉-ခ၊ ဘားကပ်အရှေ့ကွင်းရှိ တောင်သူဦးအုန်းသန်း၏ ၂ ဒသမ ၈၄ ဧကရှိ လယ်မြေ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွင်းသရုပ်ပြပွဲသို့တက်ရောက်လာသော ဘားကပ်၊ ရသေ့ပျံ၊ တောကြီးကုန်းကျေးရွာ များမှတောင်သူဦးကြီးများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်ပြီး လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပေါင်းသတ်ဆေးများကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန(ခွဲ)မှ မြေဆီဩဇာတိုးတက် ကောင်းမွန် စေသော ငါးအမိုင်နိုအက်စစ်ပြုလုပ်သုံးစွဲနည်းနှင့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ် သုံးစွဲနည်းများကို လက်တွေ့ပြသရာ တောင်သူများက လေ့လာကြည့်ရှုကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးဒေါ်နော်သူးလေထီးနှင့်တာဝန်ရှိသူများက  တောင်သူများကိုယ်တိုင် ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ် ပြန်လည် ပြုလုပ်သုံးစွဲကြမည့် တောင်သူများအား အီးအမ်(အပြင်း)ရည်များကို အခမဲ့ ဖြန့်ဝေပေးအပ်သည်။

ယင်းနောက် အမှတ်(၂၀)စက်မှုလယ်ယာစခန်း ဘားအံမြို့က ကောက်စိုက်စက် ဖြင့်တွဲဖက်သုံး (၁၀)တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)တို့ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကို ကွင်းသရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးသည်။ 

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (မြို့နယ်အဆင့်)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲကျင်းပနိုင်ရေးနှင့်ထူးချွန်သော ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဝင်အနုပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် လိုအပ်သောအကူအညီများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်လူငယ်များကို မှန်ကန်စွာရွေးချယ်ဖော်ထုတ်နိုင်ရေး တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ယခုကျင်းပသည့် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆို ၄၄ ဦး၊ အက ၁၂ ဦး၊ အတီး သုံးဦး၊ အရေးသုံးဦးနှင့် ကဗျာလွတ် အကအဖွဲ့ သုံးဖွဲ့တို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)