ပခုက္ကူ စက်တင်ဘာ ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ Quality Education through Project-based Learning (ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့) ပြပွဲ၊ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူမြို့၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်ဇော်မင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က Quality Education through Project-based Learning (ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှအရည်အသွေးရှိပညာရေးသို့) ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်က ဘာသာရပ်ဌာနများ၏ ပရိုဂျက်ပြပွဲ၊ပြိုင်ပွဲ စည်းမျဉ်း၊စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ် ဝိဇ္ဇာ၊သိပ္ပံဘာသာရပ်ဌာနများ၏ ပရိုဂျက်ပြပွဲ၊ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများရရှိသူများနှင့် အပတ်စဉ်သုတေသနစာတမ်းဖတ်ပွဲမှ အကောင်းဆုံးသုတေသနစာတမ်းရှင်များကို ဗိုလ်မှူးချုပ် ဇော်မင်းထက်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် သုတေသနပြုလုပ်ထားသော လက်မှုပညာများ၊ အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ ရှေးဟောင်းပစ္စည်းများ၊ စာတမ်းများပါဝင်သော ဘာသာရပ်ဌာနများ၏ ပရိုဂျက်ပြပွဲ၊ ပြိုင်ပွဲ (၁၆) ခု ယှဉ်ပြိုင်နေမှုများအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)