ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု လွိုင်ကော်၌ ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၆

လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့နေ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်က နောင်ယား(က) ရပ်ကွက် မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ဓမ္မာရုံ၌ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရက မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးရန် ကူညီဆောင်ရွက်ပေးနေမှုနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ် မဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအား နောင်ယား(က)ရပ်ကွက် မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ (၁၅၀)ဦးက စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အတွင်း မြို့နယ်နှင့် ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)