စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ် (၂၅) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသ ကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးကာ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်မှ ပြည်ထောင်စုလမ်းအထိ လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်